ထာဝရအမေ
ငယ်စဉ်ကထဲက အမေဆိုလည်းအမေ အဖေဆိုလည်းအမေ အနေနှင့်ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အမေ့ကျေးဇူးကို ၊ အမေ့ကိုရှေးဦးစွာ ကန်တော့ပါ၏။
ကျွန်တော်အုဝဲမအော်ခင် အမေ့ဝမ်းထဲမှာကတည်းက အမေကရုန်းကန်ရှာဖွေခဲ့တယ်။ မောင်နှမနှစ်ယောက် လူလားမြောက်အောင် ၊ လူပုံလယ်ကြားမှာလူတမ်းစေ့နေနိုင်အောင် နေစရိတ် ၊ စားစရိတ် ၊ ကျောင်းစရိတ်အပြင် ကျွန်တော်တို့မောင်နှမနှစ်ယောက် မိုက်မဲဖြုန်းတည်းသမျှအားလုံး ဆွဲခြင်းအဟောင်းလေးဆွဲ ၊ အကျီအနွမ်းလေးဝတ် ပူအိုက်လှတဲ့ဈေးရုံထဲမှာရုန်းကန်ပြီး ရှာကျွေးခဲ့တဲ့ အမေ့ပုံရိပ်လေးတွေပြန်တွေးမိတိုင်း မျက်ရေဝဲမိတယ်။ ဘက်စ်ကားကြပ်ကြပ်လဲမမှူ့နိုင် ၊ မိုးရွာလဲမနားနိုင် ၊ နေပူလဲချွေးသုတ်လို့ရပါတယ်ဆိုတဲ့ ကျွန်တော့အမေရဲ့ ကျေးဇူးတွေကို ဘယ်လိုမှ ပြန်စပ်လို့မကြေနိုင်တော့ပါဘူး။ ပင်ပမ်းကြီးစွာပြန်လာတဲ့လမ်းကားဂိတ်လေးမှာ တစ်ခါတစ်လေလေးများ ကျွန်တော်စောင့်ခဲ့ရင် ၊ တစ်နေ့လုံးညောင်းညာနေတဲ့ အမေ့ခြေထောက်လေးကို တစ်ညတစ်လေလေးများ ကျွန်တော်နှိပ်ပေးခဲ့ရင် ၊ ကျွန်တော်ဒို့အတွက် အမေနေ့တိုင်းရုန်းကန်ရှာဖွေနေတဲ့ ဈေးရုံကြီးထဲများ တစ်ရက်တစ်လေလေး ကျွန်တော်လိုက်ကူပေးခဲ့ရင် ၊ အမေရေချိုးလို့ အမေ့ရေဝတ်လဲလေးအလိုက်တသိလျှော်ပေးခဲ့ရင် ၊ ဖြူနေတဲ့အမေရဲ့ဆံပင်လေးတွေကို ကျွန်တော်အလိုက်တသိနဲ့ ဆေးဆိုးပေးခဲ့ရင် အမေပျော်လို့မဆုံး။ အကျီအနွမ်းလေးဝတ် ၊ ဆွဲခြင်းအဟောင်းလေးဆွဲပြီး ရှာဖွေလုပ်ကိုင်နေပေမဲ့ ၊ ကျွန်တော်တို့မောင်နှမနှစ်ယောက်ကိုတော့ လူပုံလယ်မျက်နှာမငယ်ရအောင် အမေမေတ္တာတွေနဲ့ တန်ဆာဆင်ထားပါတယ်။
ကျွန်တော်တို့မိသားစုလေးသုံးယောက်ထဲမှ မမအိမ်ထောင်ကျပြီး ခွဲထွက်သွားတဲ့နှစ်ကတော့ ၂၀၀၃ ခုနှစ်ပေါ့။ အမေတစ်ခုသားတစ်ခု ဘဝလေးနဲ့နေလာရင်း အကြောင်းတရားမြောက်များစွာနဲ့ ရှိသမျှလည်းတပြုတ်ပြုတ် ၊ တစ်ဖြေးဖြေးနဲ့ ကျွန်တော်မောင်နှမနှစ်ယောက်အတွက် အမေချွေးတွေနဲ့ဖန်ဆင်းခဲ့တဲ့ ရွှေဂိုထောင်ဈေးရုံထဲလဲ အမေမရောက်ဖြစ်တော့ပါ။ ကံဆိုးမိုးမှောင်ကျပြီး ကျွန်တော့ဘဝကိုနာကြင်အောင် လုပ်ပေးလိုက်တဲ့ ခုနှစ်များ(၂၀၀၅-၂၀၀၆)။ ကိုယ့်သားအမိနှစ်ယောက်ဝမ်းရေးအတွက် အလုပ်ရှာလည်းဘယ်လိုမှမရ ၊ ဘယ်လိုအလုပ်မျိုးမဆိုလုပ်မယ်ဆိုတာတောင် မရဘူး။ ဒီလောက်ကောင်းကောင်းမွန်မွန် ရှာဖွေစားသောက်ချင်တာတောင်မရတဲ့ကောင် လာစမ်းဟဲ့လောင်းကစားလုပ်မယ်ဆိုတော့လဲ ဘောပွဲကရှုံး။ ကံရဲ့ဆိုးချက်များ။ မှတ်မိပါသေးတယ် အချို့အချို့သောသူငယ်ချင်းများ ကျွန်တော့နားမှာ အရင်ကလိုမရှိကြတော့ပါ။ ဘယ်သူမှမရှိလဲဂရုမစိုက်ပါ။ အမေရှိရင်ဖြစ်ပြီ။ ခြေထောက်နှစ်ချောင်း ၊ လက်နှစ်ချောင်းရှိရင် နောက်ဆုံးအဆင့် သားဈေး ၊ ငါးဈေးမှာ ကုန်သွားထမ်းလို့ဖြစ်ပါသေးတယ်။ ကျွန်တော်နှင့်အတူကြန်ခဲ့သောရဲဘော်များလဲရှိပါတယ်။ ဘယ်လိုဖြစ်ဖြစ် အားလုံးကိုချစ်လျှက်ပါဘဲ။ တစ်နေ့ညနေခင်း အမေဆန်အိတ်လေးခေါင်းပေါ်ရွက်လို့ ၊ မြင်မြင်ချင်းအမေကိုသွားကူတယ် အိမ်ရောက်ပြီးခဏနေတော့ အမေကငိုတယ် "သားရေအမေတစ်ဘဝလုံး အမေသူများကိုဘဲကူညီခဲ့တာ ၊ အခုတော့အမေတို့ကိုသူများကပြန်ကူနေရပြီတဲ့" ကျွန်တော် မျက်ရေတွေနဲ့လူးခဲ့ရတဲ့ညပါဘဲ။ အဲ့ဒီခုနှစ်တွေ ၊ အဲ့ဒီမျက်ရေတွေ ၊ အဲ့ဒီအကြောင်းတရားတွေ ၊ ပြီးတော့ဖြစ်ချင်ပြီ, လိုချင်ပြီဆို ရတဲ့အထိလုပ်တတ်တဲ့ တစ်ခုတည်းသော အကျင့်ကောင်းလေး ၊ အဲ့ဒီအရာတွေဟာ အခုတော့ကျွန်တော့အတွက်ခွန်အားတွေပါဘဲ။ ဘယ်တော့မှမမေ့နိုင်တဲ့ကျွန်တော့ဘဝရဲ့အရသာပါ။ ဒီလိုနဲ့ရက်အနဲငယ်ကြာတော့ ဒီအမေတစ်ခုသားတစ်ခုဘဲ ခေါင်းချင်းဆိုင်တိုင်ပင်ပြီး နိုင်ငံခြားသွားဆိုပြီး နောက်ဆုံးတစ်ခုသောလက်ကြံ အမေ့အိမ်လေးကို မတန်တဆအတိုးနဲ့ဘဲထိုးအပ်ရတော့တာပေါ့။ ဒီလိုနဲ့ဘဲ ၁၆-မေ-၂၀၀၆ မှာ Singapore ကိုရောက်ပြီး ကျွန်တော့ဘဝကိုစတင်ခဲ့တယ်။
ဪ အမေ အမေ ဆိုးဝါးလှတဲ့ကံကြမာဆိုးတွေများလှတာတောင် အမှားရွင်းတစ်ခုခုကြောင့် ဒီအိမ်လေးမရှိတော့ရင်များဆိုတဲ့ အတွေးတောင်မတွေးနိုင်တော့ဘူး။ ကျွန်တော်ဘဝကိုကောင်းစေချင်ခဲ့တယ်။ အဖေဆုံးသွားပေမဲ့ ဘယ်ယောက်ျားရဲ့အားကိုးမှူ့ကိုမှမလို မိန်းမတစ်ယောက်ခွန်အားနဲ့ ကျွန်တော်တို့မိသားစုလေး ၊ ကျွန်တော်တို့ရဲ့ဘဝလမ်းခရီးလေး လှပသွားအောင် ဖန်ဆင်းပေးခဲ့တယ်။ အခုချိန်မှာ ကျွန်တော်ဘယ်လောက်ပဲအလုပ်ကျွေးပြုပြု ၊ ဘယ်လောက်ပဲကရုစိုက်စိုက် အမေကျေးဇူး ၊ အမေမေတ္တာတွေ နဲ့နှိုင်းယှဉ်လျှင် အမေ့ချွေးတစ်စက်လောက်တောင်မရှိပါဘူး။ ကျွန်တော်အတွက်တော့ အမေဟာ မဟာတတိုင်းကြီးပါ။ ကျွန်တော်ဘဝက အမေဖန်တီးပေးထားတာပါ။ အခြေနေတွေဘယ်လိုပြောင်းပြောင်းပါ ဟိုးအရင်ကဘာကာလာမှမပါဘဲ စားခဲ့ရတဲ့ထမင်း ဆီနဲ့ဆား ၊ သူငယ်ချင်း (ရဲဘော်) တိုက်တဲ့လက်ဘက်ရေတစ်ခွက်ကိုတော့ တစ်ဘဝမမေ့ပါ။
အမေ.. မတွေ့တာလဲကြာပြီ ၊ နိုင်ငံခြားလာလို့ ခွဲခါနီး ပလစတစ်အိပ်လေးနဲ့ထုပ်ပေးလိုက်တဲ့ အမေ့ အကျီအနွမ်းလေးနဲ့ဆံပင်လေးက အမေကိုယ်သင်းရနံ့လေးတွေလဲ ပျောက်လုပြီ။ လွမ်းတယ်အမေ။ အမေကျမ်းမာပါစေ။
သား
Post a Comment